မုသားနဲ့ ပရိယာယ်




အမေး။ ။ အရှင်ဘုရား…. မုသားနဲ့ ပရိယာယ် ဘယ်လိုကွာခြားပါသလဲဘုရား

အဖြေ။ ။ မုသား
မုသာဆိုတာ လိမ်လည်ခြင်း၊ ညာဖြန်းခြင်း၊လှည့်စားခြင်းစတဲ့ မဟုတ်မမှန်တာ အားလုံးကို “မုသာ” လို့ခေါ်ပါတယ်။ မုသာဆိုမှတော့ ၀ါဒ လဲရှိသေးတဲ့အတွက် ပြောပါအုံးမယ်။“၀ါဒ” ဆိုတာက လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါ စာရေးသားမှုစတာတွေပါ။ နားလည်အောင်ပြောရင် မဟုတ်မှန်းသိရက်နဲ့ ဒါတွေကို လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါ စာရေးခြင်း(ကာယပယောဂ၊၀စီပယောဂ) တွေကို “မုသာဝါဒ” လို့ခေါ်ပါတယ်။
မုသာဝါဒဟာ သူတစ်ပါးထိခိုက်ပျက်စီးမှာ မဟုတ်ပါဘူး။ မထိခိုက်လဲ မဟုတ်မမှန်ပြောရင် မုသာဝါဒ ကံထိုက်ပါတယ်။ အောက်ပါအင်္ဂါလေးချက် ပြည့်စုံရင် ကံထိုက်ပါတယ်။

(၁)မဟုတ်မမှန်ပြောသောအကြောင်းအရာဖြစ်ခြင်း။
(၂)မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း။
(၃)ပြောလည်းပြောခြင်း။
(၄)လိမ်တဲ့အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း။ ဒါဆိုရင် မုသာဝါဒကံပျက်ပါတယ်။

ပရိယာယ်
“ပရိယာယ်” ဆိုတာကို ပရိယာယ ဆိုတဲ့ ပါဠိကဆင်းသက်လာတဲ့ ပါဠိပျက်ပါ။ ဒါကိုပါဠိ-မြန်မာအဘိဓါန်က (အလှည့်။ အကြိမ်။အစဉ်။အကြောင်း။ ပရိယာယ်။ဒေသနာ) လို့ ဆိုထားပါတယ်။ ဒီနေရာယူရမှာက ပရိယာယ် ကိုယူရပါမယ်။ စကားကိုလှည့်ပြောင်း ပြောဆိုတာပါ။
ပရိယာယ်ကို နားလည်အောင် ပြောရရင်..မိမိအကျိုးသူတစ်ပါးအကျိုးဖြစ်ထွန်းစေချင်တဲ့အတွက် စကားပရိယာယ်သုံးပြီး ပြောဆိုတာပါ။
ဥပမာ- သားသမီးများအား အန္တရာယ်ရှိတဲ့ လမ်းကို မသွားစေချင်တဲ့ မိဘများက ဒီလမ်းမသွားနဲ့ ဒီလမ်းမှာ တစ္ဆေသရဲရှိတယ်၊ ကျားရှိတယ် ဆိုပြီး ပရိယာယ်သုံးပြီးပြောဆိုကြတာပါ။

ဘုရားရှင်လက်ထက်က သာကီဝင်မင်းမျိုးတွေအပေါ် အညိုးအာဃာတကြီးလွန်းလှတဲ့ ၀ိဋဋူဘမင်းသားဟာ သူမင်းဖြစ်တဲ့အခါ သာကီဝင်မင်းမျိုးနွယ်တွေကို တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုပြီး မြင်သမျှလူတွေ အကုန်သတ်နေပါတယ်။ ဒီအချိန်မှာ သာကီဝင်မင်းမျိုးများဟာ အောက်ဆုံးအဆင့် သီလလုံခြုံကြတဲ့ သူများက များပါတယ်။ သူသတ်သမားများကလဲ မင်းဟာ သာကီဝင်မျိုးလား လို့မေးတဲ့အခါ သာကီဝင်တွေက ပါးစပ်မှာ မြက်ပင်ကိုက်ထားပြီး “သာကီမြက်တွေပါ” လို့ ပြောကြတဲ့အခါ သေဘေးမှ အချို့လွတ်ကုန်ကြတယ် လို့ စာကဆိုပါ တယ်။ ဒါဟာမိမိအကျိုးအတွက် စကားပရိယာယ်ဆင်ပြောလိုက်တဲ့
မဟာသုတသောမဇာတ်မှာ တစ်ရာ့တစ်ပါးမင်းတွေ သွေးချောင်းစီး သေမဲ့အဖြစ်က လွတ်အောင် အများအကောင်းကျိုးအတွက်ရည်ရွယ် ပြီး ညောင်စောင့်နတ်က ပေါရိသာဒကို သုတသောမမင်းပါမှ ငါပူဇော်ခံမယ် လို့ ပြောခဲ့တယ်။

ရှင်သာရိပုတ္တရာက တမ္ဗဒါဌိကလူဆိုးကြီးဟာ တရားတော်ကို ဖြောင့်စွာ မနာနိုင်တာကို မြင်တဲ့အတွက် မင်းလူသတ်တာဟာ သတ်ချင်လို့သတ်တာလား ခိုင်းလို့သတ်တာလား မေးလိုက်တယ်။ လူဆိုးကြီးက သူသတ်ချင်လို့မဟုတ်၊ မင်းကခိုင်းလို့သာ သတ်ရတာပါ ဆိုတော့ အရှင်သာရိပုတ္တရာက ဒါဆိုရင် မင်းမှာ မပြစ်မရှိဘူး လို့ ပရိယာယ်စကားပြောလိုက်မှ စိတ်သက်သာရသွားကာ စိတ်ဖြောင့်ဖြောင့်ဖြင့် တရားနိုင်ပါ တော့တယ်။

တစ်ခါဘုရားရှင်က နန္ဒမင်းသားရဲ့တရားရရေးကို ရည်ရွယ်ပြီး နန္ဒမင်းသားအား ဒီမန္တန်ကို ရွတ်ရင် နတ်သမီးရလိမ့်မယ် လို့ ပရိယာယ်နဲ့ ပြောခဲ့ပါတယ်။

သတိပြုရမဲ့အချက်က မုသာဝါဒက အကုသိုလ်စိတ်နဲ့ဖြစ်ပေါ်လာပါတယ်။ ပရိယာယ်က အများအားဖြင့် ကိုယ်စိတ်ဖြစ်တယ် ဆိုတာပါပဲ။

စာရေးသူ- ဆရာတော် ဦးကောဝိဒ(မြိတ်)

Credit to: Young Buddhist Association


ကောင်ကလေး ဖတ်ဖို့




(၁) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။

(၂) ကောင်မလေး လှလှလေးတွေကိုငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ပြီးတော့ အဲဒီကောင်မလေးဟာ ချစ်သူလောက်မလှကြောင်း ချက်ချင်းပြောတတ်ပါစေ။

(၃) သင့်ကို ချစ်သူအနိုင်ကျင့်လို့ရတယ်။ ဒါပေမယ့် ချစ်သူကို သင်လုံးဝ အနိုင်မကျင့်ပါနဲ့။ သင့်ကို ချစ်သူအနိုင်ကျင့်တယ်ဆိုလည်း ကောင်းတဲ့အရာလေးတွေတွေ့တိုင်း သင့်ကို သူပထမဆုံးသတိရတတ်လို့ပါပဲ။

(၄) ချစ်သူငိုတဲ့အခါ ချော့ပါ... စိတ်မပျက်စတမ်း ချော့ပါ။ ချစ်သူပြုံးရယ်တဲ့အထိ ချော့ပါ။

(၅) ချစ်သူဓာတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဟန်းဖုန်းပေါ် ကပ်ထားပါ။ သူအမြဲတွေ့နိုင်တဲ့နေရာတွေမှာ ထည့်ထားပါ။

(၆) သူ့သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ပြ၊ ပိုဂရုစိုက်ပြတာကို သူမျှော်လင့်တတ်တယ်။

(၇) "ဘယ်သွားရင် ကောင်းမလဲ" "ဘာစားရင် ကောင်းမလဲ" လို့ ချစ်သူမေးတဲ့အခါ "ခင့် သဘော.. ခင်ကြိုက်တာစား" ချည်းပဲ မဖြေပါနဲ့။ ဒါဟာ သူ့ကိုဦးစားပေးရာမရောက်ဘဲ သင်စိတ်မပါရာဖြစ်သွားတတ်တယ်။

(၈) "ခင့်ကိုချစ်တယ်" လို့ မကြာခဏပြောပေးပါ။ နို့မဟုတ်ရင် သူ့ကို သင်မချစ်ဘူးလို့ သူယူဆတတ်တယ်။

(၉) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။ ချစ်သူတစ်ယောက်တည်း ထားမခဲ့ပါနဲ့။

(၁ဝ) အမှားလုပ်မိတဲ့သူ့ကို သင် ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကို ချော့ပါ... ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။

(၁၁) သူစိတ်ကောက်တဲ့အခါ သူ့ကိုပစ်မထားပါနဲ့။ သူစိတ်ကောက်ပြေဖို့လည်း အချိန်မပေးပါနဲ့။ တကယ်တော့ စိတ်ကောက်ပြေဖို့ သူအချိန်မလိုပါဘူး။ အချော့ပဲလိုပါတယ်။

(၁၂) သင့်သူငယ်ချင်းတွေနဲ့ သင်ပျော်ပါးလည်ပတ်လို့ရတယ်။ ဒါပေမယ့် သူ့ကိုအချိန်ပိုပေးဖို့ မမေ့ပါနဲ့။

(၁၃) သင့်ကို သူလွမ်းတယ်လို့ပြောတဲ့အခါ သူနဲ့ချိန်းတွေ့ဖို့ အချိန်ပေးပါ။

(၁၄) တခြားမိန်းကလေးတစ်ယောက်နဲ့ သင်စကားပြောတဲ့အခါ ချစ်သူလက်ကို တွဲထားပါ။ တကယ်လို့ ချစ်သူအနားမှာရှိမနေခဲ့ရင် အဲဒီမိန်းကလေးနဲ့ ခပ်ခွာခွာရပ်ပြီးမှ ပြောပါ။

(၁၅) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကိုတွဲထားဖို့ မမေ့ပါနဲ့။

(၁၆) ဘယ်လောက်ပဲ အလုပ်များနေပါစေ.. သူ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့။

(၁၇) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။

(၁၈) နှစ်ယောက်စလုံးမှာ စိတ်တိုဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမယ့် တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ဒေါသမထွက်ပါနဲ့၊ စိတ်မတိုပါနဲ့။ သူစိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့။

(၁၉) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝ အဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။ အကြံပေးပါ။

(၂ဝ) တခြားကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ကောင်မလေးတစ်ယောက်တည်းကို ကြည့်တဲ့အကြည့် ငါးကြိမ်ထက် မပိုပါစေနဲ့။

(၂၁) တလောကလုံး သူ့ကိုမယုံကြည်တဲ့အခါ သူ့ကို သင်ယုံကြည်ရမယ်။ သူလည်း သင့်ကို ဒီအတိုင်းပဲ ဆက်ဆံလိမ့်မယ်။

(၂၂) သူအဝတ်အစား အသစ်ဝတ်တဲ့အခါ ချီးကျူးဖို့မမေ့ပါနဲ့။ (မပေါ်တပေါ်ကို ဆိုလိုတာမဟုတ်ဘူးနော်း)

(၂၃) ချစ်သူနဲ့ ရန်ဖြစ်တဲ့အချိန် (၃)မိနစ်ထက် မကျော်စေနဲ့။ အသံနှုန်း ၂ဝ decibel ထက်မမြင့်စေနဲ့။ (decibel - ဒယ်ဆီဘယ်၊ အသံအတိုးအကျယ်ကို တိုင်းတာသည့် အခြေခံယူနစ်)

(၂၄) အားကစာလိုက်စားပါ။ ခန္ဓာကိုယ် တောင့်တင်းအောင် ကျင့်ပါ။ သူ့ကို ပွေ့မ,နိုင်အောင် ကျင့်ပါ။

(၂၅) သူ စိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါ သူ့ကိုဖက်ထားလိုက်ပါ။ သူနဲ့ ငြင်းခုန်ဖြေရှင်းဖို့ မကြိုးစားပါနဲ့။

(၂၆) ဖုန်းဓာတ်ခဲကုန်သွားလို့ဆိုတဲ့ အဖြစ်မျိုးမဖြစ်ဖို့ မျှော်လင့်ပါတယ်။ အပြင်ထွက်တဲ့အခါ သင်ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာမျိုး သူ့ဆီဖုန်းဆက်ပြီး ပြောပြနိုင်ရင် အကောင်းဆုံးပါ။

(၂၇) သူ့အားနည်းချက်တွေနဲ့ သူစိတ်ညစ်ဝမ်းနည်းနေတဲ့အခါ အဲဒီအားနည်းချက်ကို ထပ်တလဲလဲ ထုတ်ဖော်မပြောပါနဲ့။

(၂၈) အကျိုးအကြောင်းမသင့် သူပြောတာဟာ သူရိုင်းစိုင်းတာ မဟုတ်ပါဘူး။ သူချွဲနွဲ့တာပါ။

(၂၉) ဘာအကြောင်းပဲရှိရှိ သင်နဲ့အတူ သူမျှဝေလိမ့်မယ်။ သူပြောသမျှ သင်နားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမယ့် သူပြောသမျှ သင်နားထောင် ဟန်ဆောင်လိုက်ပါ။

(၃ဝ) သူမှန်တယ်လို့ အမြဲထင်မြင်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ သူ့အချစ်ဆုံးဖြစ်နေလို့ပါပဲ။

မူရင်း--ထဲက ကြိုက်တဲ့အချက်(၃ဝ)ကို ယူပါတယ်။ အပျင်းပြေပေါ့....

Credit- Original writer


Elvis Presley


မထင်မှတ်တဲ့လက်ဆောင်
===================

ကောင်လေးတစ်ယောက်ကို ၁၉၃၅ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့မှာ မွေးဖွားခဲ့တယ်။ တကယ်တမ်းမှာ ကောင်လေးရဲ့မေမေက အမြွာပူးလေးမွေးမှာပါ။ ဒါပေမယ့် ပထမအမြွာက မွေးဖွားပြီးသိပ်မကြာခင်မှာ သေဆုံးသွားတဲ့အတွက် ကောင်လေးတစ်ယောက်ပဲ တစ်ဦးတည်းသောသားအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ကောင်လေးရဲ့မိဘတွေက ဘုရားကျောင်းသွားတိုင်း ကောင်လေးကို အမြဲခေါ်သွားတတ်ခဲ့တယ်။ ကောင်လေး ၂နှစ်အရွယ်မှာ ဘုရားကျောင်းစတိတ်စင်ပေါ်တက်တက်ပြီး အများအတွက် ဓမ္မတေးသီချင်းတွေဆိုတတ်ခဲ့တယ်။ ၁ဝနှစ်အရွယ်မှာ ကစားဥယျာဉ်တစ်ခုရဲ့အဆိုပြိုင်ပွဲတစ်ခုမှာ သူပါဝင်ယှဉ်ပြိုင်ခဲ့လို့ ဆုကြေးငွေ ၅ဒေါ်လာနဲ့ ကစားကွင်းဝင်ခွင့်လက်မှတ်တစ်စောင် ရခဲ့ပါတယ်။

တစ်ခုသောခရစ္စမတ်အချိန်ကာလမှာ ကောင်လေးက ခရစ္စမတ်ဘိုးဘိုးဆီက သူ့မွေးနေ့လက်ဆောင်အတွက် စက်ဘီးတစ်စီးလက်ဆောင်ရဖို့ မျှော်လင့်ခဲ့ပါတယ်။ တကယ်တော့ ခရစ္စမတ်ဘိုးဘိုးက ကောင်လေးရဲ့ဖခင်ပဲဖြစ်ပါတယ်။
ကောင်လေးရဲ့မျှော်လင့်ချက်ကို ပြည့်ဝစေချင်ပေမယ့် စက်ဘီးတစ်စီးကို ဖခင်ဖြစ်သူက မဝယ်ပေးနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ အဟောင်းဆိုင်တစ်ဆိုင်ကနေ ၁၂ဒေါ်လာကျော်တန် ဂီတာတစ်လက်ကိုတွေ့ခဲ့လို့ ကောင်လေးအတွက်ဝယ်ပေးဖို့ ဖခင်ကဆုံးဖြတ်လိုက်တယ်။ ဒီ ၁၂ ဒေါ်လာကတန်ဖိုးမများပေမယ့် ဖခင်အတွက်တော့ ကိန်းကြီးဂဏန်းကြီးပါ။
ကောင်လေးရဲ့ဖခင်ဟာ ၈ဒေါ်လာတန်ငွေအတုလုပ်မှုနဲ့ ထောင်ကျခဲ့ဖူးပါတယ်။ တန်ဖိုးကြီးပေမယ့် ကောင်လေးရဲ့ ၁၁နှစ်မြောက်မွေးနေ့အတွက် ဂီတာကိုဝယ်ဖို့ ဖခင်ဆုံးဖြတ်ခဲ့ပါတယ်။

စက်ဘီးလက်ဆောင်မရခဲ့ဘဲ ဂီတာတစ်လက်ပဲရခဲ့ပေမယ့် ကောင်လေးစိတ်မပျက်ခဲ့ပါဘူး။ အဲဒီဂီတာကို အသုံးပြုပြီး ဖခင်ဆီကနေ သူဂီတာစတီးသင်ခဲ့ပါတယ်။ အဲဒီကမှ အနုပညာလမ်းကြောင်းပေါ် သူစလျှောက်လှမ်းခဲ့ပါတယ်။ သူကြီးပြင်းလာတဲ့နောက် သီချင်းခွေ ၁၅ဝခွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

သူ့သီချင်း ၁၄၉ပုဒ်က တော့ပ်လစ်စ်ထဲမှာပါဝင်ခဲ့ပါတယ်။
သီချင်း ၁၇ ပုဒ်က ပထမလစ်စ်နေရာမှာရှိခဲ့ပါတယ်။
အဲဒီ ပထမလစ်စ်သီချင်းတွေက ရက်သတ္တပတ် ၇၉ပတ်ကြာမျှ စံချိန်တင်ခဲ့ပြီး သမိုင်းနံပါတ်တစ်ဖြစ်ခဲ့ပါတယ်။
Grammyဆု ၁၄ကြိမ် ဇကာတင်ရွေးချယ်ခံခဲ့ရပြီး ၃ ကြိမ်ရရှိခဲ့ပါတယ်။
သူ့အသက် ၃၆နှစ်မှာ တစ်သက်တာGrammyဆုကို ရရှိခဲ့ပါတယ်။
ဂီတသမိုင်းမှာ အခွေပေါင်း သန်းတစ်ထောင်ရရောင်းသူအဖြစ် ဒုတိယအရောင်းရဆုံးစံချိန်တင်ခဲ့ပါတယ်။ (ပထမအရောင်းရဆုံးစံချိန်တင်ခဲ့သူက Beatles ဖြစ်ပါတယ်)
သူဟာ ရုပ်ရှင် ၃၃ကားရိုက်ကူးခဲ့ပြီး ကားတိုင်းရုံပြည့်စံချိန်တင်ခဲ့ပါတယ်။

အမေရိကန်စာတိုက်ဌာနက သူ့အမှတ်တရ တံဆိပ်ခေါင်းနှစ်မျိုး ထုတ်ဝေခဲ့ပါတယ်။ အဲဒီတံဆိပ်ခေါင်းတွေကို သန်းတစ်ထောင်ကျော်ပုံနှိပ်ဖြန့်ချီခဲ့ပါတယ်။ စာတိုက်လောကမှာ အရောင်းရဆုံး တံဆိပ်ခေါင်းအဖြစ် စံချိန်တင်ခဲ့ပြန်ပါတယ်။

ကိုယ့်မွေးနေ့မှာ ကိုယ်လိုချင်တဲ့လက်ဆောင်ပစ္စည်းမရခဲ့ဖူးတဲ့ ၁၁နှစ်အရွယ်ကောင်လေးက နောင်တစ်ချိန် ဂီတလောကမှာ The King of Rock and Roll အဖြစ် နာမည်ကြီးထင်ရှားခဲ့တဲ့ Elvis Presley ပဲဖြစ်ပါတယ်။

လူတွေကပြောကြပါတယ် "ဘုရားသခင်က တံခါးတစ်ချပ်ကို ပိတ်လိုက်ရင် သင့်အတွက်နောက်တစ်ချပ်ကို ဖွင့်ထားပေးတတ်ပါတယ်"တဲ့။ တကယ်တော့ လောကကြီးမှာ တံခါးချပ်တွေကအများကြီးပါ။ သင်ကိုယ်တိုင် သွားရောက်ဖွင့်တတ်ဖို့၊ လျှောက်လှမ်းတတ်ဖို့လည်း လိုပါတယ်။ ဘုရားသခင်က သင့်အတွက် တံခါးတစ်ချပ်ဖွင့်ထားပေးပြီး အဲဒီတံခါးထဲ သင်လျှောက်လှမ်းမဝင်ရောက်ရင်လည်း ဘာမှထူးလာမှာမဟုတ်ပါဘူး။ ရဲရဲသာ ဝင်လျှောက်ပါလေ... မထင်မှတ်တဲ့လက်ဆောင်တွေကို အဲဒီတံခါးပေါက်ထဲမှာ သင်တွေ့ကောင်းတွေ့ပါလိမ့်မယ်။

---

"ဒီကနေ့၊ ရက်ပေါင်း ၃၆၆ရက်၊ တစ်နေ့ တံခါးတစ်ချပ်ဖွင့်ပါ " ဆိုတဲ့ စာအုပ်ထဲကဖြစ်ပါတယ်။

မူရင်းရေးသားသူ -- Hǎo guǎng cái


ဘဝရဲ့ရုန်းကန်ခြင်း




တစ်ခါတုန်းက သားအဖ ၂ ယောက်စကားပြောနေရင်း သမီးဖြစ်သူက သူမဘဝကို စိတ်ညစ်လွန်းလို့ ဘယ်လိုဆက်လုပ်ရမလဲမသိဘူးလို့ ညည်းတွားပြီးပြောတယ်။ သူမက တချိန်လုံးရုန်းကန် လှုပ်ရှားနေရတာတွေအတွက် ပင်ပန်းလာတယ်။ ပြဿနာ တခုဖြေရှင်းပြီးတာနဲ့ နောက်ပြဿနာတခုက ပေါ်လာတယ်။ အဲဒီတော့ စားဖိုမှုးတယောက်ဖြစ်တဲ့ သူမရဲ့ အဖေက သူမကို မီးဖိုထဲကိုခေါ်သွားတယ်။ ပြီးတော့ အဖေလုပ်တဲ့သူက အိုး ၃ လုံးထဲကိုရေဖြည့်ပြီး မီးပြင်းပြင်းနဲ့ မီးဖိုပေါ်တင်ထားလိုက်တယ်။

ရေဆူလာတဲ့အချိန်မှာ အဖေက အိုးတလုံးထဲကို အားလူးတွေထည့်လိုက်တယ် ။ ဒုတိယအိုးထဲကို ကြက်ဥ နဲ့တတိယအိုးထဲကို ကော်ဖီစေ့ကိုကြိတ်ပြီး အမှုန့်ကို ထည့်လိုက်တယ်။ ပြီးတော့ သားအဖ ၂ယောက်က ထိုင်စောင့်နေကြတယ်။ သမီးလုပ်တဲ့သူက စောင့်ရတာပျင်းရိပြီး စိတ်မရှည်တော့ဘူး၊ သူ့အဖေဘာတွေလုပ်နေတာလဲလို့ တွေးရင်းနဲ့စောင့်နေတယ်။ မိနစ် ၂၀ လောက်ကြာတော့ အဖေလုပ်တဲ့သူက မီးဖိုကိုပိတ်လိုက်ပြီး အိုးထဲကအားလူး နဲ့ကြက်ဥကို ပန်းကန်လုံးထဲကိုထည့်လိုက်တယ်။ ကော်ဖီကိုတော့ခွက်ထဲကိုထည့်လိုက်တယ်။

သမီးဘက်လှည့်ပြီးတော့ “သမီးဘာမြင်သလဲ” လို့ မေးတယ်။

သမီးက “အာလူး ၊ ကြက်ဥနဲ့ ကော်ဖီလေ” လို့ မဆိုင်းမတွပြန်ဖြေတယ်။

“သေချာအနားကိုလာကပ်ကြည့် ၊ ပြီးတော့ အာလူးကိုလာထိကြည့်” လို့အဖေကပြောတယ်။ သမီးကအနားကပ်ကြည့်ပြီး အားလူးတွေ နူးအိနေတာကိုသတိထားမိလိုက်တယ်။

ပြီးတော့ အဖေက ကြက်ဥတလုံးကိုခွဲခိုင်းတယ်။ ကြက်ဥရဲ့အခွံကိုခွာလိုက်တော့ အထဲမှာ ကျက်ပြီးသား မာနေတဲ့ကြက်ဥကိုတွေ့လိုက်တယ်။

နောက်ဆုံးမှာတော့ အဖေက သမီးကို ကော်ဖီကိုသောက်ကြည့်ခိုင်းတယ်။ သောက်ကြည့်ပြီး ကော်ဖီရဲ့ အမွှေးနံ့ကို သူမနှစ်သက်သွားတယ်။

“အဖေ … ဒါဘာအဓိပ္ပာယ်လည်း” လို့မေးတယ်။

အဖေလုပ်တဲ့သူက အာလူး ၊ ကြက်ဥနဲ့ ကော်ဖီတွေအားလုံးက ဆူပွတ်နေတဲ့ ရေနွေးထဲမှာ တူညီတဲ့ ဒုက္ခတွေကိုခံစားခဲ့ရတယ်။ ဒါပေမယ့် သူတို့မှာ မတူညီတဲ့တုန့်ပြန်မှုတွေရှိတယ်။

အာလူးကတင်းတင်းရင်းရင်းနဲ့သန်မာတယ် ဒါပေမယ့် ရေနွေးထဲကိုရောက်သွားတော့ ပျော့ပြီးတော့ အားနည်းသွားတယ်။ ကြက်ဥက အက်ကွဲလွယ်တယ် အထိအခိုက်မခံဘူး။ ဒါပေမယ့် ရေနွေးထဲကိုရောက်သွားတာတေင် အပြင်ဘက်ကအခွံပါးပါးလေးနဲ့ အတွင်းပိုင်းကအရည်တွေကိုကာကွယ်ပေးထားတယ်။ ပြီးတော့မှ ကြက်ဥကတဖြည်းဖြည်းမာလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်ဖီကတော့ တမူထူးခြားတယ်။ ရေနွေးထဲကိုပျော်ဝင်သွားပေမယ့် ၊ သူတို့ကအဲဒီရေကို အခြားအသစ်တခုဖြစ်အောင် ပြောင်းလဲလိုက်နိုင်တယ်။

“သမီးကရော….ဘယ်လိုအမျိုးအစားလဲ” လို့ သမီးလုပ်တဲ့သူကိုမေးပါတယ်။ “ဒုက္ခတွေ အခက်အခဲတွေ တံခါးလာခေါက်ခဲ့ရင် ဘယ်လိုတုန့်ပြန်မလဲ ၊ အာလူးလိုလား ၊ ကြက်ဥလိုလား ဒါမှမဟုတ် ကော်ဖီစေ့လိုလား” …….တဲ့။

-------------------------------------------------------------

ဒီစာစုလေးမှာဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ဘဝတွေမှာ ကိုယ်ကိုယ်တိုင်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေရှိတယ် ၊ ဒါပေမယ့် အဓိကကျတာက အဲ့ဒီအကြောင်းအရာတွေအပေါ်ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ရွေးချယ်မှုနဲ့ လုပ်ဆောင်ချက်ပါပဲ။ ဘဝမှာကြုံတွေ့လာတဲ့ သင်ယူစရာတွေ ၊ ရုန်းကန်လှုပ်ရှားမှုတွေ အားလုံးကို အပြုသဘောဆောင်ပြီး လက်ခံနိုင်ဖို့ကြိုးစားကြရပါမယ။်


သူဘာလို့ ငါ့ထက်သာနေရတာလဲ




တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။

မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။
" ဒီမှာသူဌေး ...ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ် ..."

လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။

သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့

"မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား"

လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့

" အေး...ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ "

လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"
သူဌေးက "အေး ...ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ "

ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။ မောင်ဖြူပြန်လာတော့

" သူဌေးခင်ဗျား ...ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ် ...တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ ...၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ်...လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ် ...ဆိုင်မှာခင်းထားတာက ၅၈လုံးပါ ...တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ်...မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ ...အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ ...ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ .."

မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ ....

ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။
ကဲ ....သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ

ငါးရှဥ့်ရဲ့ပုံပြင်



ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။

မူရင်း -- http://share.youthwant.com.tw/D31021212.html

မိခင်တစ်ယောက်ရဲ့ မုသားဖြူ ၈ ခု



အလွန် ဆင်းရဲနုံချာလှတဲ့ ဘ၀တွေအဖြစ် မွေးဖွားခဲ့ရတဲ့အတွက် အဲဒီ့ အိမ်လေးမှာ ၀လင်အောင်စားဖို့ စားစရာ လုံလုံလောက်လောက် ဘယ်တော့မှ မရှိခဲ့ပါဘူး ...။
စားစရာ နည်းနည်းလောက် ရလာခဲ့ရင် ... အမေဖြစ်သူက သူ့သားလေးကို ပြောလေ့ရှိတယ် ...
"ဒီထမင်းခဲလေးကို သားလေး စားလိုက် .. အမေကတော့ မဆာဘူး သားရဲ့ ..."

ကလေးလေး အသက်နည်းနည်းကြီးလာတော့ အမေဖြစ်သူက အလုပ်လုပ်ပြီးလို့ အချိန်ပိုရင် အိမ်နားကမြစ်ထဲမှာ ငါးနည်းနည်းလောက် ရလိုရငြား သွားမျှားလေ့ရှိတယ် ...။ သူ့သားအတွက် အာဟာရဖြစ်တဲ့ အစားအသောက်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ကျွေးချင်လို့ပေါ့ ...။ ငါးသွားမျှားတိုင်း သူမဟာ ငါးနှစ်ကောင်လောက် ရတယ်...။ တစ်ကောင်ကိုတော့ ငါးစွပ်ပြုတ် လုပ်ပေးတယ် ... သူ့သားလေးအတွက်ပေါ့...။
သူ့သား ငါးစွပ်ပြုတ်လေးသောက်ပြီး ငါးကြော်စားနေတဲ့အချိန်မှာ သူကတော့ ကျန်တဲ့ အရိုးလေးတွေနဲ့ ဘေးမှာ ထိုင်စားနေတာပေါ့ ...။
ကလေးဟာ သူ့အမေဒီလို အရိုးအရင်း အကျန်လေးတွေနဲ့ စားနေတာကိုမြင်ရပြီး စိတ်မကောင်းတော့ သူ့အမေကို သူ့ပန်းကန်ထဲက ငါးကြော်အသားလေးတွေဖဲ့ပြီး ထည့်ပေးတယ် ...။ ဒါပေမယ့် အမေဖြစ်သူက
"သားစားမှာသာစားစမ်းပါကွယ် ... အမေက ငါး မကြိုက်ဘူး သားရဲ့ ..." တဲ့။

သားလေးအရွယ်ရောက်လာတော့ အမေဖြစ်သူဟာ သူ့သားပညာရေးအတွက် အလုပ်ပိုပြီး ကြိုးစားလုပ်ရတယ် ...။
အ၀တ်ချုပ်တဲ့အိမ်က အ၀တ်တွေကို အိမ်ယူလာပြီး လက်ချုပ်လိုက်ပေးရတယ် ...။
ဒါက သူ့သားလေး ပညာရေးရှေ့ဆက်ဖို့ ငွေရှာတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူပြုနိုင်တယ်လေ ...။
ဆောင်းညတစ်ည တော်တော်ညဥ့်နက်နေတဲ့အချိန်မှာ ... သားဖြစ်သူ အိပ်ရာကနိုးလာပြီး သူ့အမေတစ်ယောက် ဖယောင်းတိုင်မီးလေးနဲ့ တကုပ်ကုပ် အ၀တ်ချုပ်နေတာကိုမြင်လိုက်တယ် ...။
ကောင်လေးက "အမေ မအိပ်သေးဘူးလား" လို့မေးလိုက်တော့ ...
"သားလေးပြန်အိပ် ပြန်အိပ် .. အမေ မအိပ်ချင်သေးလို့ ရှိတဲ့ အလုပ်လေးတွေ လက်စသတ်နေတာ" ဆိုပြီး သူမက ပြုံးပြီးပြောတယ် ...

သူ့သားလေး အတန်းတင်စာမေးပွဲရောက်တဲ့ အချိန်မှာ ...သားနဲ့အတူ ကျောင်းကို လိုက်စောင့်ပေးခဲ့တယ် ...။ သူ့သားစာမေးပွဲဖြေလို့ မပြီးမချင်း နေပူအောက်မှာ နာရီများစွာ ရပ်စောင့်နေခဲ့တယ် ...။ သူ့သား စာမေးပွဲခန်းထဲက ထွက်လာတော့ ချက်ချင်း အမေရှိရာဆီကို ပြေးလာခဲ့တယ် ...။
အဲဒီ့အချိန်မှာ အမေဖြစ်သူက သားလေးအတွက် ကြိုဝယ်ထားတဲ့ လက်ဖက်ရည်ခွက်လေးကို ကမ်းပေးလိုက်တယ် ...။ သားဖြစ်သူဟာ သူ့အမေ နေပူထဲမှာ ချွေးတွေအတော်ထွက်နေတာကို မြင်သွားတော့ ... လက်ဖက်ရည်ခွက်လေးကို သူ့အမေဆီကိုလှမ်းလိုက်ရင်း "အမေလည်းသောက်လေ"ဆိုပြီး ပြောလိုက်တယ်။ ဒါပေမယ့် အမေဖြစ်သူကတော့ ...
"သားပဲသောက်ပါကွယ် ... အမေ ရေမဆာပါဘူး" တဲ့ ...။

ကလေးရဲ့ အဖေဖြစ်သူ ဆုံးပါးသွားကတည်းက အမေဖြစ်သူဟာ တစ်ယောက်တည်းနဲ့ သူ့သားကို ပြုစုစောင့်ရှောက်ခဲ့တယ် ...။ အလုပ်တွေလုပ်ရတယ် .. စားရိတ်တွေကို မျှတအောင်ကြိုးစားရတယ် ... မငတ်အောင်ရုံးကန်ခဲ့ရတယ် ...။ အိမ်နီးချင်းတွေက ဆင်းရဲတွင်းနက်နေတဲ့ သူတို့ဘ၀ကို မြင်တော့ အမေဖြစ်သူကို နောက်ထပ်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ် ...။ ဒါပေမယ့် အဲလိုလာပြောကြတိုင်း အမေလုပ်သူက ငြင်းတယ် ...
"ကျွန်မအတွက် အချစ်ဆိုတာ မလိုအပ်ပါဘူး" တဲ့ ...။

သားဖြစ်သူ ပညာရေးမှာ အောင်အောင်မြင်မြင်ပြီးဆုံးသွားတော့ အလုပ်တစ်ခုရတယ် ... အဲတော့ သူ့အမေကို "အမေပင်ပန်းလှပြီ .. အလုပ်မလုပ်ပါနဲ့တော့" ဆိုပြီး ပြောတယ် ...။ ဒါပေမယ့် သူမဟာ မနက်တိုင်း ဈေးမှာ အသီးအရွက်တွေရောင်းဖို့ သွားမြဲ သွားဆဲပါပဲ ...။ သူ့သား သူ့ကိုပို့ပေးတဲ့ ပိုက်ဆံတွေကို အမြဲတမ်း ပြန်ပို့တယ် ...။ ဒီလိုပြောရင်းနဲ့ပေါ့ ...။
"အမေ့မှာ ပိုက်ဆံရှိပါတယ် သားရယ်"

သားဖြစ်သူဟာ လစာကောင်းတဲ့ အလုပ်ကိုရရှိသွားတော့ သူ့အမေကို အမေရိကားကို ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ... သူအခု ရှိနေတဲ့နေရာပဲလေ ...။ ဒါပေမယ့် အမေဖြစ်သူဟာ သူ့သားကို သူ့အတွက် ဒုက္ခမခံစေချင်ဘူး ... ၀န်ထုတ်ဝန်ပိုးမဖြစ်စေချင်ဘူး ...
"အဆင့်အတန်းမြင့်တဲ့ နေရာ တွေမှာ အမေမနေတတ်လို့ပါသားရယ် ... ကိုယ့်ဇာတိမြေမှာပဲ အမေနေချင်ပါတယ်" တဲ့ ...။

အသက်အရွယ်တော်တော်ရလာတော့ ... အမေဖြစ်သူဟာ ကင်ဆာရောဂါခံစားရပြီး ဆေးရုံတင်ထားလိုက်ရတယ် ...။ ပင်လယ်တွေခြားနေတဲ့ သားဖြစ်သူဟာ ခွဲစိတ်မှုပြီးလို့ အိပ်ယာပေါ်လှဲနေရတဲ့ သူ့အမေဆီကို အလျှင်အမြန်နဲ့ ပြန်လာခဲ့တယ် ...။ သားဖြစ်သူကိုမြင်တော့ သူမကြိုးစားပြီး ပြုံးလိုက်တယ် ...။ ဒါပေမယ့် သူ့အမေဟာ အရမ်းပိန်ပြီး အားနည်းနေရှာတာကိုမြင်လိုက်ရတော့ သားရဲ့ ရင်ထဲမှာ ဆို့နင့်ပြီး ခံစားလိုက်ရတယ် ....
အမေဖြစ်သူ ပြောတယ် ...
"မငိုပါနဲ့သားရယ် ... အမေသက်သာပါတယ်ကွယ် ... အမေဘာမှမဖြစ်ပါဘူး" တဲ့ ...။

ပေးဆပ်ခြင်းများစွာနဲ့ အမေဖြစ်သူဟာ သူမရဲ့ ရှစ်ခုမြောက်သော မုသားစကားကို ပြောပြီးပြီးချင်းပါပဲ ....
သူမရဲ့ ချစ်လှစွာသောသားရဲ့လက်ပေါ်မှာပဲ ကွယ်လွန်သွားရှာခဲ့ပါတယ် .....။

(သားသမီးများထံမှ ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာမရှိပဲ ပေးဆပ်ခြင်းများစွာဖြင့် ပြုစုပျိုးထောင်ပေးကြသော အနန္တဂိုဏ်းဝင် မိခင်များအားလုံးကို ဂုဏ်ပြုလျှက် .....)

Translation Credit To အလင်္ကာမေကျော်